ပြည် ဇန်နဝါရီ ၂၈
ပြည်မြို့နဝဒေးနယ်မြေရှိ မိုင်တိုင်အမှတ်(၁၇၇/၁) ပြည်-ရန်ကုန်ကားလမ်းပေါ်၌ ယမန်နေ့မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က (ရန်ကုန်-ပြည်-ပေါက်ခေါင်း)ပြေးဆွဲသည့် ဘုန်းမြတ်ပိုင်ခရီးသည်တင် မှန်လုံယာဥ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါခရီးသည်တင်ယာဉ်သည် ရန်ကုန်ဘက်မှ ပြည်ဘက်သို့မောင်းနှင်လာစဉ် ဖော်ပြပါနေရာအရောက်တွင် အဲကွန်းကွန်ပရက်ဆာအပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကို ပြည်မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်အရန်မီးသတ်စခန်းများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၃ စီး၊ ရေသယ်ယာဥ်တစ်စီးတို့ဖြင့် တာဝန်ရှိသူများ၊ လူမှုကူညီရေးဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၊ မိနစ်၂၀ အချိန်တွင် မီးငြှိမ်းနိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ကားတစ်စီးလုံးမီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ပြီး ခရီးသည်များနှင့် အခြားတစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုမှ ယာဉ်မောင်းဖြစ်သူအား ပြည်မြို့ အမှတ်(၂)ရဲစခန်းမှတာဝန်ရှိသူများက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်