ပေါင်းတည်၌ စားဖိုဆောင်ဟင်းသီးဟင်းရွက် ပဲစောင်းလျားစိုက်ပျိုးမှု အကျိုးဖြစ်ထွန်း

ပေါင်းတည် ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးမှု ၁၂၀၉၇ ဧကရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရပြီး ယခုအခါ စားဖိုဆောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည့် ပဲစောင်းလျားသီးများကို ခူးဆွတ်ရောင်းချကာ အကျိုးအမြတ်ရရှိနေကြ၍ တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ပဲစောင်းလျားကို စီးပွားဖြစ်စိုက်ပျိုးကြရာ ဒေသတွင်း၌ အများအားဖြင့် မြေအစိုဓာတ်ရှိနေသေးသည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြကာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မြေအမျိုးအစား၊ သွင်းအားစုနှင့် ရေအသုံးချမှုအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိတတ်ကြောင်း၊ ယခုနှစ်ဒေသတွင်း စိုက်ခင်းများမှ ပဲစောင်းလျားများ အထွက်အားကောင်းကြပြီး စျေးကောင်းလည်း ရရှိကြကြောင်း တောင်သူများထံမှ သိရသည်။

ဒေသခံ တောင်သူများ ပဲစောင်းလျားပင်များ စိုက်ပျိုးခဲ့ရာ၌ တစ်ဧကလျှင် စုစုပေါင်း ၇ သိန်းကျော်ခန့် ကုန်ကျခဲ့ကြ​ကြောင်း၊ ယခုနှစ်တွင် သီးအားကောင်း၍ စျေးကောင်းရကာ စျေးကွက်မှ ဝယ်လိုအားလည်း ကောင်းမွန်မှုတို့ကြောင့် အကျိုးအမြတ်များ ခံစားရကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)