သာယာဝတီမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်

သာယာဝတီ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် လူထုနှင့်ဌာနဆိုင်ရာများ၏ အဆောက်အဦ၊ ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော ပွဲနှင့်မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သစ်ထုတ်လုပ်ရေးရုံးဝန်းအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်က မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောရာတွင် မိမိတို့နေအိမ်အတွင်း ချက်ပြုတ်စဥ်ကာလ၌ မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ နေအိမ်၊ ရုံးဌာနအတွင်း တပ်ဆင်အသုံးပြုလျက်ရှိသည့် လျှပ်စစ်မီးကြိုးများဆိုင်ရာ သိကောင်းစရာများ၊ လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်စဥ်ကာလအတွင်း သတိထားရမည့်အချက်များ၊ လောင်စာဆီမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များကို မီးလောင်မှုဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးရာ ဝန်ထမ်းများက ပူးပေါင်းသရုပ်ပြလေ့ကျင့်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်ဝန်ထမ်းများက မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)