ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)ခုအနက် သားသတ်လုပ်ငန်းလိုင်စင် (၄)ခုကို ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပေးခဲ့

ပွင့်ဖြူ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်စနစ်ဖြင့် ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)ခုအနက် သားသတ်လုပ်ငန်းလိုင်စင် (၄)ခုအား လေလံရောင်းချပေးခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လိုင်စင်အမျိုးအစားအလိုက် ဝယ်ယူရမည့် လိုင်စင်စည်းကမ်းချက်များ၊ ရည်ညွှန်းအသားဈေးနှုန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)ခုအနက် သားသတ်လုပ်ငန်းလိုင်စင်စီ (၄)ခုအား ရည်ညွှန်းကြမ်းခင်းဈေးနှုန်းများ သတ်မှတ်၍ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပေးရာ ဝယ်ယူလုပ်ကိုင်လိုသော စီးပွားရေးလုပ်ငန်းရှင်များက အပြိုင်ဝယ်ယူခဲ့ကြသဖြင့် အောင်မြင်စွာ လေလံရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)ခုတွင် အမဲ၊ ဆိတ်၊ ဝက် လုပ်ငန်းလိုင်စင်၊ မြို့ပြနှင့် ကျေးလက်ဒေသ အခွန်ကောက်လုပ်ငန်းများဖြစ်သည့် ဈေးကောက်၊ စက်ဘီးရပ်နားအခွန်ကောက်၊ ရေလောင်းအိမ်သာ အခွန်ကောက်လုပ်ငန်းလိုင်စင်တို့ပါဝင်ကြောင်းသိရကာ အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များအနက် သားသတ်လုပ်ငန်းလိုင်စင်စီ (၄)ခုကို အောင်မြင်စွာ ရောင်းချပေးနိုင်ပြီဖြစ်ကြောင်း၊ ရောင်းချရန်ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၄၆)ခုကို ‌ယခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ဒုတိယအကြိမ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)