နတ်မောက်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နတ်မောက် ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က နတ်မောက်မြို့နယ်အတွင်း လေပြင်းဘေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေအိမ် (၁၅၀) လုံးအား လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်း၍လုပ်ငန်းများ ဆောင်ရွက်သွားရန်ပြောကြားခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းက လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာများမှ နေအိမ်များအား အဖွဲ့စနစ်ဖြင့် ရွေးချယ်ခြင်း၊ အိမ်ဆောက်ပစ္စည်း လိုအပ်ချက်စာရင်းကောက်ယူခြင်း၊ အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့မှုလုပ်ထုံးလုပ်နည်းနှင့် ပြည်သူလူထုထံထိရောက်သော ကူညီထောက်ပံ့မှုများ ဖြစ်စေရေး၊ လုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း