ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ကြပ်မတ်ဆောင်ရွက်

ပွင့်ဖြူ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း သက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှု လျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအပြင်ရှိ ဈေးဆိုင်ခန်းများသို့ သွားရောက်ပြီး ဈေးရောင်းဈေးဝယ်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ဈေးဝယ်လာပြည်သူများ မိမိတို့နေအိမ်မှ လက်ဆွဲခြင်း ထည့်စရာတို့ကို တစ်ပါတည်း ယူဆောင်လာကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်ပျက်စီး ခြင်းနှင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်း ဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ  အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပလတ်စတစ်ပစ္စည်း လျှော့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူ တို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများကို ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )