မင်းဘူး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာစမ်းစစ်ခြင်းစီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် “စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း”ကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းဇော်က သင်တန်ဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ကိုကိုဖြိုးက မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းအကျဉ်းချုပ်နှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် “စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးရက်တိုသင်တန်း”တွင် မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်နှင့် အောင်လံမြို့နယ်တို့မှ သင်တန်းသားတောင်သူ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် ဆောင်ရွက်ရမည့်အချက်များ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုးမွှားရောဂါကျရောက်ပြီး စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ရမည့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ တစ်နိုင်တစ်ပိုင် မျိုးသန့်ထိန်းသိမ်းနည်းစနစ်များ၊ လွယ်ကူစွာပြုလုပ်နိုင်သော သဘာဝမြေဩဇာများ စသည့် အကြောင်းအရာများကို ဘာသာရပ်အလိုက် ကျွမ်းကျင်နည်းပြများက စာတွေ့၊ လက်တွေ့ဖြင့် ရက်တိုသင်တန်းဖွင့်လှစ်ပြီး သင်ကြားပို့ချပေးခဲ့ကြောင်း၊ အလားတူ အဆိုပါသင်တန်းကို မြို့သစ်မြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင်လည်း ဒုတိယအကြိမ်အဖြစ် ဆက်လက်ဖွင့်လှစ်ပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)