မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မကွေး ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီအဆင့်ဆင့်ကို (၂၀၂၂)ခုနှစ်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ယခင် မဲစာရင်းများ မှားယွင်းခဲ့သည့် ဖြစ်စဉ်ကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ဌာနများအနေဖြင့်လည်း လူဦးရေစာရင်းကို အခြေခံသည့် မဲစာရင်းများ ပြုစုရာတွင် စာရင်းများ အမျိုးမျိုး ကွဲပြားနေခြင်းမရှိစေရန်၊ မှန်ကန်တိကျသည့် မဲစာရင်းများ ရရှိလာစေရန်အတွက် တစ်စုတစ်စည်းတည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၏ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၃ ခုနှစ်တွင် အိမ်ထောင်စု (၉၃၃၈၆၆)စု၊ (၇၃)% ကောက်ယူနိုင်ခဲ့ပြီး မြေပြင်လုံခြုံရေးအခြေအနေအရ ပခုက္ကူနှင့် ဂန့်ဂေါခရိုင်ရှိ (၈)မြို့နယ်တွင် စုစုပေါင်း (၄၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၁၈)စု၊ အိမ်ထောင်စုပေါင်း (၃၁၂,၃၆၅)နှင့် (၂၇)% ကောက်ယူရန် ကျန်ရှိခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် သက်ဆိုင်သည့် ဌာနများနှင့် ကော်မတီအဆင့်ဆင့် စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် မဲစာရင်းအခြေခံစာရင်းများကို စတုတ္ထအကြိမ် မူကြမ်းထိ ဆောင်ရွက်ပြီး ဗဟိုကော်မတီမှတစ်ဆင့် ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ပဉ္စမအကြိမ်မူကြမ်းစာရင်းများကိုလည်း ဆောင်ရွက်ပြုစုထားပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ရွေးကောက်ပွဲကော်မရှင်ထံ ပေးအပ်ခြင်းမပြုသေးဘဲ ပြန်လည်စစ်ဆေးကြရမှာဖြစ်ပါကြောင်းနှင့် (၄)နှစ်တာကာလမှာ မိမိတို့ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့် အလုပ်ကို မကြာမှီကျင်းပမည့် (၂၀၂၅)ရွေးကောက်ပွဲမှာ မှတ်ကျောက်တင်ခံရမှာဖြစ်သလို မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် အထူးအလေးအနက်ထား ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပဉ္စမမူကြမ်းစာရင်းကို ပြန်လည်စိစစ်ခြင်းလုပ်ငန်းစဉ်သည် မဲစာရင်းအခြေခံစာရင်းအတွက် အပြီးသတ်ဆောင်ရွက်ပြုစုရမည့် လုပ်ငန်းဖြစ်ပြီး နိုင်ငံ့ရှေ့ခရီးအတွက် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲစာရင်းများ မှန်ကန်ရေးအတွက် အရေးအကြီးဆုံး လုပ်ငန်းတာဝန်ဖြစ်ပါကြောင်း၊ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အလုပ်မဟုတ်ဘဲ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကွပ်ကဲမှု၊ အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်သလို တိုင်းပြည်၏ အနာဂတ်အတွက် အထူးအလေးနက်ထားပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီများအနေဖြင့် ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဘက်အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းရဲထွန်းက အခြေခံမဲစာရင်းတွင် အသုံးပြုမည့် ပဉ္စမမူကြမ်းအား မြေပြင်စိစစ်ရန် လုပ်ငန်းကိစ္စရပ်များအား  ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် တက်ရောက်လာသည့် ကော်မတီဝင်များက အခြေခံမဲစာရင်းတွင် အသုံးပြုမည့် ပဉ္စမမူကြမ်းအား မြေပြင်စိစစ်ရန်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ