မကွေး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခုကို စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အတည်ပြုမိန့်များ ခွင့်ပြုပေးနိုင်ခဲ့ပြီး အဆိုပါလုပ်ငန်း ၄ ခု၏ စုစုပေါင်း မတည်ငွေရင်းပမာဏမှာ ၉၉၄၃.၈၁၄ ကျပ်သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၇၇ ဦး ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် မကွေးတိုင်းဒေသကြီးသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာစေမည့် အလားအလာကောင်းများရှိနေကြောင်း၊ မကွေးမြို့တွင် မကွေးစက်မှုဇုန်ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကဏ္ဍစုံမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခွင့်အလမ်းကောင်းဖြစ်ပါကြောင်း၊ မကွေးစက်မှုဇုန်ကို ၂၄ နာရီ လျှပ်စစ်မီးရရှိရေး စီမံထားရှိပြီး ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများ လွယ်ကူအဆင်ပြေစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိမည်ဖြစ်ပြီး လူမှုစီးပွားလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် အလားအလာရှိသော မကွေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ၊ အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လုပ်ငန်းရှင်များနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များ မကွေးတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုသစ်များ ပြုလုပ်လာကြစေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် မကွေးတိုင်းဒေသကြီးကို စိတ်ပါဝင်စားပြီး လာရောက်လုပ်ကိုင်သော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံတော်မှ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီးအတွင်း လွယ်ကူစွာဆောင်ရွက်နိုင်ရေးကို အားပေးကူညီကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
မောင်ညီညာ