သရက်ချောင်း ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ အခြေခံပညာ (အ-ထ-က) သရက်ချောင်းကျောင်း၌ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က "အကျိုးကျေးဇူးမျိုးစုံရရှိဖို့ စိုက်ပျိုးပြုစုထိန်းသိမ်းစို့" ဆောင်ပုဒ်နှင့်အညီ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်၊၊
အဆိုပါ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦးက ကျောင်းသား/သူများအား သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ ရေချိုအား ခြွေတာသုံးစွဲရန်နှင့် ရေသယံဇာတများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနည်းလမ်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကျိုး ကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် အဆိုပါအကြောင်းအရာများနှင့် ပတ်သက်၍ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦးက ကျောင်းစာကြည့်တိုက်အတွက် သစ်တောဂျာနယ်များနှင့် ကျောင်းစိမ်းလန်းစိုပြည်ရေးအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းရာ (အ-ထ-က)သရက်ချောင်းကျောင်းမှ ဆရာမတစ်ဦးက လက်ခံရယူပေးခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား/သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးနှင့် တပ်ဖွဲ့ဝင်များ၊ သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင် (ပြန်/ဆက်)