ချောက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဌာနဆိုင်များပူးပေါင်း၍ ဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါဖြိုးသဉ္ဇာမင်း၊ ချောက်မြို့မရဲစခန်း ဒုရဲအုပ်ကျော်ဝင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာ ရေနံမြေ အထွေထွေစီမံခန့်ခွဲရေးဌာန မန်နေဂျာ ဦးရန်နောင်ထွန်းတို့က ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေအကြောင်းအရာနှင့် ပြစ်မှု၊ ပြစ်ဒဏ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အသီးသီးရှင်းလင်း ဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)