ဝေါ ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက ပြိုင်ပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုကြီးတည်တံ့စေဖို့ လွတ်လပ်ရေးကို ပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဓာတ်ပုံများကို ပြသထားခြင်း၊ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် လူငယ်လူရွယ်များစာပေဖတ်ရှုသည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲတွင် မြန်မာ့သမိုင်းဝင်သူရဲကောင်းများ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုများနှင့်ထိန်းသိမ်းမှုသမိုင်း၊ သမိုင်းကိုလေ့လာမည့် စစ်သမိုင်းပြတိုက်ဆီသို့၊ လွတ်လပ်ရေးပုံရိပ်များ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ပြပွဲသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကျင်းပရာ ကျောင်းသားကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)