ဂန့်ဂေါ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ကာ နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တဆေးရုံအုပ် ဒေါက်တာ ကျော်ကျော်လွင် ဦးဆောင်သည့် ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်း(၁၃၀၈)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) အမျိုးအစားကို ထပ်ဆောင်းထိုးနှံပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာသို့ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု့အားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)