ငပုတော ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ.မ.က(၃) ကျောင်းနှင့် အလင်းတန်းစာကြည့်တိုက်ကော်မတီတို့ပူးပေါင်း၍ မူလတန်းအဆင့် စကားရည်လုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က အ.မ.က(၃)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုနုရီက စကားရည်လုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အလင်းတန်းစာကြည့်တိုက်ကော်မတီအတွင်းရေးမှူး ဦးဥာဏ်ထွန်းက အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စကားရည်လုပြိုင်ပွဲ စတင်ကျင်းပရာ ကျောင်းသား/ကျောင်းသူ(၄)ဦးမှ စာဖတ်ခြင်းသည် ကျောင်းသူ/သားများအတွက် အကျိုးရှိစေသည်(သို့မဟုတ်)အကျိုးမရှိပါ ခေါင်းစဉ်နှင့် စာသင်ကျောင်းများတွင် စာကြည့်တိုက်ရှိသင့်သည်(သို့မဟုတ်)မရှိသင့်ပါ ခေါင်းစဉ်အလိုက် အဆို၊ အချေပြောကြားချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ ဆရာဦးကိုကိုဦး (အထက်တန်းပြ)က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသ စာပေများ၊ မဂ္ဂဇင်းများ၊ ရုပ်ပြပုံပြင်များ၊ ကလေးကဗျာများစသည့် ကလေးများ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုစေပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ အ.မ.က(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်းနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)