သာယာဝတီမြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသည့် မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ

သာယာဝတီ ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဖိုးခေါင်ကျေးရွာနှင့် စံရွေးကျေးရွာများရှိ တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

သီးနှံမျိုးစုံစိုက်ပျိုးရာမှာ “မြေ(၄)ဧကအပေါ်မှာ စိုက်ထားတဲ့ သီးနှံတွေကတော့ ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ ဆူးပန်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ ကန်စွန်း၊ ချဥ်ပေါင်၊ ကြက်သွန်မိတ်၊ ခရမ်း၊ မုံလာဥ၊ မုန်ညှင်းခါး၊ ဗူး၊ ဆူးပုတ်ကြီး၊ စပါးလင်စတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးရောင်းချပါတယ်၊ စိုက်ပျိုးတဲ့အခါမှာလည်း ဓာတုဓာတ်ကြွင်းကင်းလွတ်စေဖို့ Super ဘိုကာရှီ၊ EM ဘိုကာရှီ သဘာဝမြေဆွေးမြေဩဇာ၊ ငါးအမိုင်နိုအက်စစ် သဘာဝအပင်အားတိုးဆေး၊ သဘာဝဆေးရွက်ကြီး၊ သဘာဝငရုပ်သီး၊ EM-5 သဘာဝမှိုဆေးတွေ ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြောင်း” ကိုးပင်ရိုးကျေးရွာမှ တောင်သူဦးတင်ဝိုင်းက ပြောသည်။

သီးနှံရောင်းချရာတွင် သာယာဝတီမြို့နယ်၊ မြို့မစျေးနှင့် သုံးဆယ်မြို့ဈေးတို့တွင် ကုန်စိမ်းအရောင်းဆိုင်ခန်း(၂)ခန်းနှင့် နေ့စဉ်ရောင်းချကြောင်း၊ တစ်နိုင်တစ်ပိုင် နယ်လှည့်ရောင်းချသည့် ဈေးသည်များကိုလည်း အမြတ်များရရှိစေရန် ကုန်ပစ္စည်းအပေါ်မူတည်၍ ရောင်းချပေးလျက်ရှိရာ မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)