တနင်္သာရီ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၏ကျက်သရေဆောင် သမိုင်းဝင် ပြည်လုံးချမ်းသာဝင်္ကဘာတောင် မဟာသန္တိသုခဝင်္ကဘာကျောင်းတိုက် ဆရာတော်အရှင်ဥက္ကံသ၏ နှစ်ပတ်လည်အလှူနှင့် လက်ရှိ ဦးစီးပဓာနဆရာတော် အရှင်အာန္န၏ နှစ်(၄၀)ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် အထူး တရားပွဲမင်္ဂလာ အခမ်းအနားကို ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ်(၁၃)ရက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီအထိ ဝင်္ကဘာတောင် ရန်အောင်မြင်စေတီအထက်ပစ္စယံရှိ ပြည်လုံးချမ်းသာ ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အထူးတရားပွဲသို့ ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တပဏ္ဍစနှင့် မြို့ပေါ်ဘုန်းကြီးကျောင်းများမှ ဆရာတော်/သံဃာတော်များနှင့် အရပ်ဝေးအရပ်နီးမှဓမ္မမိတ်ဆွေများ၊ ဆွေတော်မျိုးတော်များ တရားနာပရိသတ်များ ဓမ္မာရုံအပြည့် များပြားစွာ တရားနာလာရောက်ကြသည်။
ရှေးဦးစွာ နမောတဿဘုရားသုံးကြိမ်ကန်တော့ပြီး အထူးတရားပွဲမင်္ဂလာအခမ်းအနားကို စတင်ဖွင့်လှစ်၍ ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တပဏ္ဍစက လူပရိသတ်အပေါင်းအား ငါးပါးသီလနှင့်” ဆရာ့ကျေးဇူးမကျေငါမသေ”ကျေးဇူးဆပ်တရားတော်ကို ချီးမြှင့်မြွက်ကြားပေးတော်မူသည်။
ဆက်လက်၍ ဆရာတော်နှင့်လူပရိသတ်အလှူရှင်များက အလှူအစုစုတို့အတွက် ရေစက်သွန်းချ၍ ဝမ်းမြောက်အနုမောဒနာ သာဓုခေါ်ဆိုကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာပြီးမြောက်ခဲ့ကြသည်။ ထို့နောက် ဆရာတော်/သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာဧည့်ပရိသတ်အပေါင်းတို့အား နေ့လယ်စာကျွေးမွေးကြောင်း သိရသည်။
အဆိုပါ မဟာသန္တိသုခဝင်္ကဘာကျောင်းတိုက်၌ လက်ရှိ ဦးစီးပဌာနဆရာတော် အရှင်အာနန္ဒာနှင့်အတူ ပဉ္ဇင်း ၄ပါး၊ ရှင်သာမဏေ ၁၈ပါး၊ သီလရှင်တစ်ပါးနှင့်အခြေခံပညာကျောင်းသူ၊ ကျောင်းသား (၈၆)ဦး၊ စုစုပေါင်း(၁၁၀)ကျော်တို့ သီတင်းသုံး နေထိုင်လျက်ရှိကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)