သာပေါင်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲ လိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက် ၇ နာရီအချိန်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးအတွင်း၊ အပြင်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များ မသုံးစွဲရေး အသိပေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့်ဝန်ထမ်းများက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးရှိ စျေးရောင်းချသူများအနေဖြင့် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် စသည့် သင့်တော်ရာ အစားထိုးထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာများနှင့် ပြည်သူများ ပါဝင်ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးနှိုးဆော်ပြီး လိုက်လံစိစစ်ကြပ်မတ်၍ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် အသုံးပြုသူတွေ့ရှိပါက စီမံဒဏ်ကြေးငွေပေးဆောင်စေလျက် အရေးယူဆောင်ရွက်လျက်ရှိရာ ပြည်သူများမှ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး