ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက် ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ဇန်နဝါရီ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီ၌ ဟင်းသီးဟင်းရွက် ၅၇၇ ဧက စိုက်ပျိုးရန် လျာထားပြီး ၁၀၆၇ ဧက (၁၈၄ ဒသမ ၉၂) ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 “ကျွန်တော် ဒီနှစ်ဆောင်းရာသီမှာ ချောင်းရေတင်ပြီး ပန်းမုံလာ၊ မုံလာထုတ်၊ ခရမ်း၊ ခရမ်းချဉ်၊ ကိုက်လန်၊ ကန့်လန့်၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ သီးနှံများစိုက်ပျိုးထားပါတယ်။ ခရမ်း၊ ကိုက်လန်နဲ့ ကန့်လန့်သီးနှံများ သီးနှံပေါ်ချိန် ဈေးကောင်းရရှိပြီး အကျိုးအမြတ်ရရှိခဲ့ပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်လျက်ရရှိပါတယ်”ဟု မန်ကျည်းအင်းကျေးရွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ ဦးချစ်မိုးက ပြောသည်။

ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအား သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျရောစပ်သုံးစွဲရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)