ထားဝယ် ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာပြီး ထိခိုက်ဆုံးရှုံးမှုများလည်း ပိုမိုကြီးမားလာတာကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသာမက နိုင်ငံအတွင်း၌လည်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် ကော်မတီများ/ အဖွဲ့များ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်စုံထောင့်စုံ၊ ကဏ္ဍစုံကနေပြီး ခေတ်မီနည်းစနစ်များ အသုံးပြု၍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများကို အဟန့်အတားမဖြစ်စေရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းမှ ပို့ချပေးလိုက်သော သင်ခန်းစာများကို မိမိတို့၏ဌာနကို ပြန်လည်ရောက်ရှိသည့်အခါ အသုံးချနိုင်မှာဖြစ်သောကြောင့် အလေးထားသင်ယူစေလိုကြောင်း၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို မိမိတို့၏လုပ်ငန်းနယ်ပယ်နှင့် ပေါင်းစပ်၍ ဌာနများကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာရပါက ထိရောက်လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသော သင်တန်းသား/ သင်တန်းသူများ ဖြစ်စေရန်အတွက် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် သင်ယူလေ့လာပြီး ပြည်သူများအကြား ရင်ဆိုင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် တာဝန်သိစိတ်ကိုယ်စီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/ သူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဘေးအန္တရာယ်ကြုံတွေ့လာရပါက အရေးပေါ်တုံ့ပြန်နိုင်မှာဖြစ်ပြီး ရပ်ရွာအခြေပြုဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို အရန်အင်အားအဖြစ် အင်အားတောင့်တင်းလာနိုင်စေရေးအတွက် ဌာနဆိုင်ရာ သင်တန်းသား (၅၀) ဦးအား တာဝန်ရှိသူများက ဇန်နဝါရီ ၃၁ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)