ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

ကျွန်းစု ဇန်နဝါရီ   ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ.ထ.က ကျွန်းစုကျောင်းတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက အ.ထ.က ကျွန်းစုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ ကလေးငယ်များအား တာဝန်ရှိသူများက အစာအာဟာရအရေးကြီးမှုများကို အသိပညာပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးဝင်းနှင့် တာဝန်ရှိသူများက KG ကျောင်းသား/ သူကလေးငယ်များအား နေ့လယ်စာ ကျွေးမွေးခဲ့ကြသည်။

ကျောင်းသား/ သူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/ သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/ သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံကျောင်းပေါင်း (၁၃၄) ကျောင်းတွင် ဇန်နဝါရီလအတွင်း KG ကျောင်းသား/ သူ စုစုပေါင်း ၃၇၂၆ ဦး ကို ဇန်နဝါရီလတွင် (၂) ကြိမ်နှင့် ဖေဖော်ဝါရီလတွင် (၁) ကြိမ် ကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)