တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကတန်ကျွန်းပတ်လမ်း‌ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျွန်းစု ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ‌ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်သူများ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်‌ရေးအတွက် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းပတ်လမ်းပေါ်ရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းရာတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်တာဝန်ရှိသူများက မြို့နယ်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကတန်ကျွန်း ပတ်လမ်းပေါ်ရှိ လုပ်ငန်းတင်ဒါဖြင့် ဆောင်ရွက်လျက်ရှိသည့် တီးပူကျေးရွာအတွင်း တီးပူတံတားချည်း ကပ်လမ်းအရှည်  ၅၅၈ ပေ၊ အကျယ် ၄၀ ပေ၊ ကဘင်းချောင်းကျေးရွာနှင့် လဲဝါပြင်ကျေးရွာကြား ဆောင်ရွက်နေသည့် အရှည် ၁၀၅၀ ပေ၊ အကျယ် ၁၈ ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဝါးချောင်းကျေးရွာနှင့် မိကျောင်းအော်ကျေးရွာကြား လင်းနို့ချောင်းတံတားချည်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၃) က တာဝန်ယူဆောင်ရွက်နေသည့် ဝါးချောင်းကျေးရွာနှင့် လဲဝါပြင်ကျေးရွာကြားရှိ ဝါးချောင်းတံတား ပေ ၆၀ သံကူကွန်ကရစ်တံတား၊ ဝါးချောင်းကျေးရွာနှင့် မိ‌ကျောင်းအော်ကျေးရွာကြားရှိ ဖိုးပါဦးတံတား ‌ပေ ၉၀ သံကူကွန်ကရစ်တံတား၊ မိကျောင်းအော်ကျေးရွာနှင့် တာရပိုင်းကျေးရွာကြားရှိ မိကျောင်းတက်တံတား ပေ ၆၀ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေး၊ လမ်းများရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေးနှင့် လိုအပ်သည်များအား ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)