သရက်ချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

သရက်ချောင်း ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျောင်းသား/ သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေး အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/ သူများ၏ ကြီးထွား ဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/ သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျောင်းတွင်းအာဟာရ ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ ကလေးငယ်များအား တာဝန်ရှိသူများက ရှင်းလင်းအသိပညာပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်း‌ဇော်ဦးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာမများ၊ တာဝန်ရှိသူများက KG ကျောင်းသား/ သူ ကလေးငယ်များအား နေ့လယ်စာ ထမင်း၊ ကြက်ဥပြုတ်၊ ရွှေဖရုံသီးကြော်၊ ပဲဟင်းနှင့် ဌက်ပျောသီးတို့ဖြင့် အာဟာရမျှတစွာ ကျွေးမွေးခဲ့ ကြသည်။

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံကျောင်းပေါင်း (၈) ကျောင်းရှိ KG ကျောင်းသား/ သူများအား ပထမအကြိမ် ချက်ပြုတ်ပြင်ဆင် အသိပညာပေးကျွေးမွေးခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)