ဘားအံ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမိတာရာမရဲကျောင်းတိုက်ရှိ ဗောဓိမဏ္ဍိုင်မြကံသာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က အမိတာရာမရဲကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ဂုဏလင်္ကာရထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး လူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိ ဒါယကာ၊ ဒါယိကာမများနှင့်ဧည်ပရိတ်သတ်အပေါင်းတို့က အမိတာရာမရဲကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်၊ သီလရှင်စုစုပေါင်း ၁၀၈ ပါးတို့အား ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသော လှူဖွယ်ပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ၂၀၂၅ ခုနှစ် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ဒေသအသီးသီးမှ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် မျှော်လင့်ချက်များစွာထားရှိသကဲ့သို့ မိမိတို့ပြည်နယ် အစိုးရအနေဖြင့်လည်း လှိုက်လှဲစွာဝမ်းမြောက်ကြိုဆိုလျက်ရှိကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကိုလည်း အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများကိုလိုက်နာပြီး အရည်အချင်းရှိသော သူနာပြုများဖြစ်အောင်၊ ပြည်သူအတွက်အားကိုးအားထားပြုရသော သူနာပြုများဖြစ်အောင် သင်တန်းကာလအတွင်း တက်တက်ကြွကြွနှင့်အပတ်တကုတ်ကြိုးစား၍ သင်ယူလေ့လာဆည်းပူးရန် အရေးကြီး ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီး ဒေါ်နီနီချိုက သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဒေသအလိုက် သစ်လွင်သူနာပြုသင်တန်းသား၊ သင်တန်းသူများအား မိတ်ဆက်ပေးကြကာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့က Voting စနစ်ဖြင့် ရွေးချယ်ထားသော King နှင့် Queen တို့အား စလွယ်၊ သရဖူနှင့် လက်ဆောင်ပန်းခြင်းတို့အား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသရုပ်ဖော်များဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်ကြသည်။
ဘားအံသူနာပြုသင်တန်းကျောင်းကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ ၂၀၂၅ ခုနှစ်ထိ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း နိုင်ငံတော်၏ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သော အမျိုးသားသူနာပြု ၁၂၅ ဦး၊ အမျိုးသမီးသူနာပြု ၁၂၄၅ ဦး စုစုပေါင်း သူနာပြုဦးရေ ၁၃၇၀ ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် သူနာပြု သင်တန်းသား ၁၁ ဦးနှင့် သူနာပြုသင်တန်းသူ ၆၈ ဦး စုစုပေါင်း ၇၉ ဦးတို့အား မောင်မယ်သစ်လွင်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)