ပေါင်းတည်၌ သဘာဝမြေသြဇာပိုက်ဆံလျှော်ပင်များ စိုက်ပျိုးနိုင်စေရေး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားလျက်ရှိ

ပေါင်းတည် ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် တောင်သူများ၏ စိုက်ပျိုးမြေပြုပြင်ရေးအတွက် သဘာဝမြေသြဇာပင်များ စိုက်ပျိုးနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ မျိုးသန့်ခြံ၌ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားလျက်ရှိကြောင်းသိရသည်။

စိုက်ပျိုးမြေနေရာအနှံ့တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်ပင်)များ ထည့်သွင်းမြှုပ်နှံထားခြင်းအားဖြင့် ဆုံးရှုံးသွားသော ​မြေဆီသြဇာများ ပြန်လည်ဖြစ်ထွန်းလာစေနိုင်ကြောင်းသိရပြီး ထိုသို့ပြုလုပ်၍ စိုက်ပျိုးမြေပြုပြင်နိုင်စေရေးအတွက် ပိုက်ဆံလျှော်ပင် အများအပြားစိုက်ပျိုးထုတ်လုပ်ရန် မျိုးစေ့ထုတ်ပိုက်ဆံလျှော်စိုက်ခင်းများ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ တောင်သူများသို့ ထိုမျို့းစေ့များအားဖြန့်ဝေ၍ ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးစေကာ သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုခြင်းဖြင့် သီးနှံများအရည်အသွေးမီ ဖြစ်ထွန်းအောင်မြင်နိုင်ကြမည်ဖြစ်ကြောင်း ပေါင်းတည်မျိုးသန့်ခြံ၊ မျိုးစေ့ထုတ်ဌာနခွဲ တာဝန်ခံဒေါ်ဌေးဌေးတင်က ရှင်းပြသည်။

အဆိုပါ မျိုးစေ့ထုတ် ပိုက်ဆံလျှော်ပင်များကို မျိုးသန့်ခြံအတွင်း ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၁၂ရက်မှ စတင်၍ ၁၂ ဧက စိုက်ပျိုးထားကြောင်း၊ ယခုအခါ ၄၅ ရက်သား ရှိနေကြ​ပြီး ဖူးပွင့်နေကြပြီဖြစ်ကြောင်း၊ နောက်ထပ် ရက်ပေါင်း ၆၀ ကြာလျှင် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)