အထက်မင်းလှ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)