မင်းလှမြို့ တောင်တောရမဟာစည်ကျောင်းတိုက်၌ ဓမ္မစကူးလ်(၇)နှစ်ပြည့် အခမ်းအနားနှင့် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ ကျင်းပ

အထက်မင်းလှ ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ တောင်တောရ မဟာစည်ကျောင်းတိုက်တွင် ဓမ္မစကူးလ်(၇)နှစ်ပြည့်အခမ်းအနားနှင့်  ဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၈) နာရီက တောင်တောရမဟာစည်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုကန်တော့ကြပြီး၊ မြို့နယ်သံဃာနာယကဥက္ကဋ္ဌ၊ မြို့နယ်ဓမ္မစကူးလ်ဒုဥက္ကဋ္ဌ၊ မလွန်စာကြောဆရာတော်နှင့် မြို့နယ်သံဃာနာယကအဖွဲ့အမှု‌ဆောင်၊ မလွန်ရေခါးဆရာတော်တို့မှ ဩဝါဒတရားချီး မြှင့်တော်မူခဲ့သည်။ ထို့‌နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများက ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ဓမ္မစကူးလ်၏ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအားရှင်းလင်းပြောကြားသည်။ ယင်းနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဆရာတော်များအား နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး၊ တောင်တောရမဟာစည်ကျောင်းတိုက်၊ မြို့နယ်ဓမ္မစကူးလ်ဥက္ကဋ္ဌဆရာတော်ဦးဇနကမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကာ ဩဝါဒတရားတရားချီးမြှင့်တော်မူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ဆက်လက်၍ ဆရာတော်များက ကျောင်းသား၊ကျောင်းသူများအား ဘာသာရေးဆိုင်ရာများနှင့် ဓမ္မစကူးလ်သင်တန်းတွင်သင်ကြားခဲ့သည့် ဗုဒ္ဓစာပေဆိုင်ရာများအား အတန်းလိုက်မေးခွန်းအမေး အဖြေများဆောင်ရွက်ခဲ့ကြရာ ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူလေးများအား ဆရာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ဓမ္မစကူးလ်သင်တန်းဆင်းပွဲကျင်းပခဲ့ရာ တောင်တောရမဟာစည်ကျောင်းတိုက်၊ မြို့နယ်ဓမ္မစကူးလ်ဥက္ကဋ္ဌဆရာတော်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းတက်မှန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များကို ကျောင်းသား၊ကျောင်းသူများထံ ပေးအပ်ခဲ့ပြီး၊ ဓမ္မစကူးလ်သင်တန်း နည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကာ ‌‌ ကျောင်းသား၊ကျောင်းသူများက (၃၈)ဖြာမင်္ဂလာကဗျာများ ရွတ်ဆိုခဲ့ကြသည်။ မင်းလှမြို့၊ ‌တောင်တောရမဟာစည်ကျောင်းတိုက်တွင် ဓမ္မစကူးလ်(၇)နှစ်ပြည့်အခမ်းအနားနှင့် ဓမ္မစကူးလ်သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဓမ္မစကူးလ်အဖွဲ့ဝင်ဆရာမများ၊ အလှူရှင်များ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)