ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ (၅၀) အမှတ် (၁) စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Book Club အဖွဲ့ဝင် ဦးညီညီက စာရေးဆရာ ညီညီဖေ ရေးသားသည့် သတ္တိရှိရန်လိုပါသည် ဆောင်းပါးပါ အလုပ်တစ်ခုကို ဦးဆောင်လုပ်ကိုင်မည့်သူ၌ သတ္တိရှိရန်လိုအပ်ကြောင်း၊ ကြီးမားသော ကုမ္ဗဏီတစ်ခုဖြစ်စေ၊ အလတ်စား၊ အသေးစားအရွယ်ဖြစ်စေ၊ ဈေးဆိုင်ငယ်ဖြစ်စေ မည်သည့်လုပ်ငန်းတွင်မဆို သတ္တိရှိသောဦးဆောင်သူ လိုအပ်ကြောင်းနှင့် သတ္တိရှိခြင်းသည် မိုက်ရူးရဲ ဆန်ခြင်းတို့၏ ခြားနားချက်ကို သတိပြုရမည်ဖြစ်ကြောင်းနှင့် ဦးဆောင်သူတို့သည် ပြဿနာများကို ရဲဝံ့စွာရင်ဆိုင်ဖြေရှင်းနိုင်သည့် သတ္တိရှိရမည်ဖြစ်ကြောင်း၊ မြို့နယ် Youth Club အဖွဲ့ဝင် မောင်အောင်ကိုဝင်းက စာရေးဆရာ ဖြူနှင်းခင်ရေးသားသည့် အဖြူရောင်ကြယ်များသို့ ဆောင်းပါးပါ လူငယ်ဆိုသည်မှာ အနာဂတ်ကို ပုံဖော်ထုဆစ်ကြမည့်သူများဖြစ်၍ မိမိ၏စိတ်ခံစားမှုကို လိုသလိုထိန်းညှိ တတ်ရမည်ဖြစ်ကြောင်း၊ စိတ်ကူးယဉ်အိပ်မက်ကို အခြေတည်၍ လက်တွေ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ လူငယ်ထု၏အားဖြင့် ကောင်းမွန်သော အနာဂတ်ဖြစ်တည်လာမည်ဖြစ်ကာ အနာဂတ်ကောင်းမှသာ တိုင်းပြည်နိုင်ငံကောင်းမည်ဖြစ်ကြောင်း ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာအုပ်တွင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အချိုးကျကိုယ်စားပြုစနစ်အရ မဲလက်မှတ်နမူနာနှင့် တွက်ချက်ပုံနည်းလမ်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားများ၏ အန္တရာယ်နှင့်လူငယ်ရေးရာ စသည့် ဗဟုသုတရရှိဖွယ်ရာ အကြောင်းအရာများကို ရေးသားဖော်ပြထားပြီး ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)