မကွေး ဇန်နဝါရီ ၂၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး) ၏ ကျောင်းတွင်း အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်ဇနီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်သည်။
ရှေးဦးစွာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်တာဝန်ရှိသူများက ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အသေးစားစက်မှုလက်မှုလုပ်ငန်းကိုယ်စားပြုအသင်းနှင့် သမဝါယမအသင်း ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ထုပ်စည်းတိုးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စကားဝါအသင်းနှင့် ကံကော်အသင်းတို့ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများက ပါဝင်ကူညီခဲ့သည့် ဒိုင်အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ထုပ်စည်းတိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်သူဦးနှင့် ဒိုင်အဖွဲ့မှ တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး)၏ ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် သင်တန်းကျောင်းအတွင်းရှိ ပထမနှစ်နှစ်နှင့် ဒုတိယနှစ် သင်တန်းသား ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၇) ဦးက ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ထုပ်စည်းတိုးပြိုင်ပွဲကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စသည့်ဌာနများကို ကိုယ်စားပြု၍ ဇန်နဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)