မြောင်းမြ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂း၀၀) နာရီ အချိန်က Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာမ ငြိမ်းငွေစံ ရေးသားသည့် "တွေးမိရေးခဲ့မိသည့်ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ နာယက ဆရာကြီး ဦးခင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club နာယက ဆရာကြီး ဦးကျင်စိုးက "ကိုယ်လုပ်မှကိုယ်ရမယ်"၊ Book Club အဖွဲ့ဝင် ဒေါ်မိုးမိုးသန့်က "မမြင်ရတဲ့ကိစ္စတွေရှိကြောင်း" ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)