ဟုမ္မလင်းမြို့၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် လူငယ်များ အတွေးအခေါ်မြင့်မားပြီး စကားပြောစွမ်းရည်များ ကြွယ်ဝလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က၊ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း လူငယ်များ စာအုပ်စာပေဖတ်ရှုကြရန် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်မြှင့်မားအောင် ကြိုးစားကြရန်၊ အမှာစကားပြောကြားခဲ့သည်။

ထို့​နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဒေါ်နန်းမဉ္ဇူအေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ​မောင်ထွန်းလင်းရွှေက၊ ရင်ထဲရှိသမျှခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဇင်မာအေးက လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးနန္ဒာကျော်က၊ လူငယ်နှင့်ယုံကြည်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေခြည်ဝင်းက၊ နှစ်သစ်ရဲ့အဓိဋ္ဌာန်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေး‌မြန်းဆွေးနွေး‌ခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်‌ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ဟုမ္မလင်း ဒေသရှမ်းနီတိုင်းရင်းသားများ၏ ရိုးရာအသုံးအ‌ဆောင်ပစ္စည်းများအား လူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊  ဟောပြောပွဲများ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)