ပွင့်ဖြူ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် တစ်ပိုင်တစ်နိုင် မေမြို့ပန်း(ချင်းမိုင်မျိုး) စိုက်ပျိုးလုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ကို စနစ်တကျ အသုံးချပြီး ဘုရားပန်းမျိုးစုံ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချကြကြောင်း၊ အဓိကစိုက်ပျိုးသည့် ဘုရားပန်းများမှာ ဂန္ဓမာပန်း၊ ကံ့ကော်ပန်း၊ နှင်းဆီပန်း၊ သစ္စာပန်း၊ နှင်းပန်း၊ စံပယ်ပန်း၊ သပြေပန်းမျိုးစုံနှင့် မေမြို့ပန်း(ချင်းမိုင်မျိုး) စသည့် ပန်းများကို အားထားစိုက်ပျိုးရောင်းချကြကြောင်း သိရသည်။
"ဒီနှစ် ဆောင်းရာသီမှာ မေမြို့ပန်း(ချင်းမိုင်မျိုး) ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ တောင်သူတွေ အောင်မြင်ဖြစ်ထွန်းပြီး ဘုရားပန်းများ ချိုးယူရောင်းချရ၍ သီးနှံဝင်ငွေ အကျိုးအမြတ် ရရှိနေကြတယ်။ မေမြို့ပန်း (ချင်းမိုင်မျိုး)က တစ်ပင်ကို ငွေကျပ် ၁၀၀ ဝယ်ယူစိုက်ပျိုးရပါတယ်။ ပန်းစိုက်ပျိုးနည်းကတော့ ပန်းမစိုက်မီ မြေများကို ထယ်ရေးညက်အောင် ထွန်ယက်ပြီး မြေဩဇာ၊ သဘာဝမြေဆွေး ၊ သစ်ရွက်မြေဆွေးတို့ကို ရောနှော၍ မြေဆီလွှာ ကောင်းမွန်အောင် ပြုလုပ်ပေးကာ မြေအစိုဓာတ်ရအောင် ရေလောင်းပေးထားရပါမယ်။ မြေအစိုဓာတ် သုံး၊လေးရက် လောက်နှပ်ထားပြီးရင် စတင်စိုက်ပျိုးလို့ ရပါပြီ။ စိုက်ပျိုးပြီးတဲ့အချိန်မှာ အပင်များ ရှင်သန်ကြီးထွားအောင် ရေဖျန်းပေးခြင်း ၊ မြေဩဇာကျွေးခြင်း၊ အပင်အားဆေးများ ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ စိုက်ပျိုးပြီး နှစ်လခန့်ကြာပါက ဘုရားပန်းများကို စတင်ချိုးယူရောင်းချလို့ရပါပြီ။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ဒေသခံတောင်သူအများစုက စိုက်ပျိုးမြေအပြင် မိမိတို့ရဲ့ နေအိမ်ဝိုင်း မြေကွက်လပ်တွေမှာ ဘုရားပန်းစိုက်ပျိုးရေးနဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး လုပ်ငန်းများကို သီးနှံအပိုဝင်ငွေ တိုးပွားရေးအတွက် စိုက်ပျိုးရောင်းချကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ယောစုကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများရှိ မြေကွက်လပ်များတွင် ဘုရားပန်းမျိုးစုံနှင့် စားဖိုဆောင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံတို့ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ်တွင် ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းတွင် မေမြို့ပန်း (ချင်းမိုင်မျိုး) ဘုရားပန်းစိုက်ပျိုးရောင်းချကြသူများ အောင်မြင်ဖြစ်ထွန်း၍ ဘုရားပန်းများမှာ လတ်ဆတ်မှုရှိပြီး တာရှည်ခံ သည့်အတွက် ဒေသခံပြည်သူများက အကြိုက်တွေ့ဝယ်ယူကြသည့်အပြင် မင်းဘူး၊ စလင်း၊ မကွေးများသို့ တင်ပို့ရောင်းချနေရသဖြင့် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)