မြောင်းမြ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ (ဒဿမ)အကြိမ်မြောက် အငြိမ်းစားဝန်ထမ်းများအား ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပင့်သံဃာ (၅) ပါးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း၍ ကွယ်လွန်ခဲ့ပြီးသော အငြိမ်းစားဝန်ထမ်းများအား အမျှပေးဝေခြင်း၊ အငြိမ်းစားဝန်ထမ်း (၃၄) ဦးအား ဒဿမအကြိမ်မြောက် ဂါဝရပြုကန်တော့ခြင်း၊ ကွယ်လွန်ခဲ့ပြီးသော အငြိမ်းစားဝန်ထမ်းများ၏ ဇနီး (၁၆) ဦးအား ငွေလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့နယ်မြေစာရင်းဦးစီးမှူး ဦးနေဖြိုးမောင်မှ ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ်ရရှိသည့် မြေစာရင်းဝန်ထမ်း (၅) ဦးအား ဂုဏ်ပြုဆု ငွေချီးမြှင့်ခြင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေခွန်ပြေစာ အစောဆုံးရေးသားပြီးစီးသည့် မြေတိုင်းစာရေးများအား ဆုငွေချီးမြှင့်ခြင်းနှင့် ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် ဂေါက်သီးရိုက်အားကစားပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများကို ဆုငွေချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အငြိမ်းစားဝန်ထမ်းများ၊ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ ဝန်ထမ်းများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)