ဖျာပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ဖျာပုံ ဇန်နဝါရီ ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.ထ.က(ဖျာပုံတမံ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေး ဟောပြောရာတွင် အ.ထ.က(ဖျာပုံတမံ)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က" လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်​ဖြင့် ဆွေးနွေးရာတွင် ယနေ့လူငယ်များသည် အနာဂတ်၏ မျိုးဆက်သစ် လူငယ်များဖြစ်သည့်အတွက် ပညာရည်မြင့်၊ ဉာဏ်ရည်မြင့်သည့် လူငယ်များပေါ်ထွန်း လာရေးအတွက် ပညာကို ကြိုးစားသင်ယူကြရန်နှင့် အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ ယနေ့လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်"အကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်က အားကစားနှင့်အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊  သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း ပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်ပြသထားရှိမှုကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)