ဖျာပုံ ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.ထ.က(ဖျာပုံတမံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်ရာတွင် အ.ထ.က(ဖျာပုံတမံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက်"လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်တို့နှင့်အတူ Grade (8) မှ မောင်မျိုးမင်းထက်က" လူငယ်နှင့်အားကစား"၊ မစမ်းစမ်းမိုးက " လူငယ်နှင့်စာပေ"၊ မောင်နေတိုးက " လူငယ်နှင့်အနာဂတ် ရည်မှန်းချက်"၊ မယမင်းသော်က" ကျောင်းသားနှင့် ကိုယ်ကျင့်တရား"စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက်ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးအကြောင်းအရာ နံရံကပ် စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က(ဖျာပုံတမံ)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၈၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)