ဂန့်ဂေါမြို့၌ အသက်တစ်နှစ်မှ ငါးနှစ်အောက် ကလေးငယ်များအား Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး

ဂန့်ဂေါ ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အသက်တစ်နှစ်မှ ငါးနှစ်အောက်ကလေးများကို Big Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂) နေရာခွဲ၍ ကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိသည်။                     

အဆိုပါ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက အသက်တစ်နှစ်မှ ငါးနှစ်အောက်ကလေးငယ်အနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး(သောက်ဆေး/ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး(JE)၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး(PCV)၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(B)-အဆုပ်ရောင်ရောဂါ)၊ dT(ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး)နှင့် တီဘီရောဂါကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေးပေးခဲ့ကြသည်။         

ဂန့်ဂေါမြို့နယ်တွင် Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို မြို့ပေါ် (၄)ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များကို ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ထိုးနှံ/တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)