ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဖောင်တော်သီ)ကျောင်း အေးမြသီတာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်စိန်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ်ဆောင်ရွက်ပေးပြီး (Grade-12)ကျောင်းသူ မဆုမြတ်ထက်က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”၊ (Grade-11)ကျောင်းသူ မခင်နွယ်နွယ်ထွဋ်က “လူငယ်နှင့်စာပေ”၊ (Grade-11)ကျောင်းသူ မတွယ်တာဦးက “လူငယ်နှင့်အားကစား”၊ (Grade-11)ကျောင်းသား မောင်အောင်ထူးမြတ်က “လူငယ်နှင့်နည်းပညာ”၊ (Grade-11)ကျောင်းသား မောင်းထက်သူက “လူငယ်နှင့်ကျန်းမာရေးကဏ္ဍ”ခေါင်းစဉ်ဖြင့်  ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ကျောင်းသား/သူငါးဦးတို့နှင့်အတူ MANA အသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးခွန်ဘသောင်း၊ စာရေးဆရာမ ဒေါ်ဇင်ချိုသက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)