လှိုင်းဘွဲ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပညာပန်းဝတ်မှုန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို တက်ရောက်၍ ဒေသခံတိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ/နည်းဥပဒေများကို သေချာစွာသိရှိနားလည်စေရန်အတွက် ဟောပြောပွဲနှင့် စစ်တမ်းကောက်ယူခြင်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားဧည့်သည်တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ/နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမ(TA/LT) ခန့်ထားမှုနှင့် ဦးစီးဌာန၏ လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိနန္ဒာမွန်က အားကစားနှင့်လူငယ်အကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များအကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံထက်က အမုန်းစကား၊ အကြမ်းဖက်မှုကိုဖြစ်စေသော လှုံ့ဆော်မှုများကို တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးသူက ပလတ်စတစ်အန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြသည်။
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲအခမ်းအနားကို တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို တက်ရောက်လာကြသော ဧည့်သည်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများက ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။
စောဒိ( ပြန်/ဆက်)