ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ပန်းမုံလာစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

ပွင့်ဖြူ ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံပြည်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် ပန်းမုံလာသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီနှစ် ဆောင်းရာသီမှာ ဒေသခံတောင်သူတွေ မုန်းချောင်းရေနဲ့ မြေအောက်ရေတို့ဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးအတွက် တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံ ပန်းမုံလာစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးကြပါတယ်။ အဓိက စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်သီးနှံတွေကတော့ ပန်းမုံလာ၊ ခရမ်းချဉ်၊ မုံလာဥဖြူ၊ မုံလာဥနီ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းစိမ်း၊ ခရမ်းညို၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲ၊ ဘိုစားပဲ၊ ပဲရှည်သီး၊ သခွားသီး၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဟင်းနုနွယ်၊ နံနံပင်၊ ငရုတ် စသည့် သီးနှံများကို စိုက်ပျိုးကြပါတယ်။ ယခုဆိုရင် တောင်သူတွေ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြတဲ့ ပန်းမုံလာသီးနှံစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြတယ်။ လက်ရှိမှာ ပန်းမုံလာတစ်ထုပ်ကို ငွေကျပ် (၁၀၀၀၊ ၁၃၀၀) ဈေးနဲ့ ရောင်းချနေရပါတယ်။ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အဖြူမျိုးနှင့် အစိမ်းမျိုးဟူ၍(၂)မျိုးရှိပြီး ပန်းမုံလာအဖြူမျိုးက တစ်ပွင့်တည်းသာ ပွင့်ပြီး အစိမ်းမျိုးကတော့ အနည်းဆုံး နှစ်ပွင့်၊ သုံးပွင့် အထိ ဆွတ်ခူးရောင်းချရပါတယ်။ စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာတွင် ဝယ်ယူစားသုံးကြတဲ့ ပြည်သူတွေ အစားအစာဘေးကင်းလုံခြုံစေရန် အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးတာကြောင့် သန့်ရှင်းလတ်ဆတ်မှုရှိပြီး အရည်အသွေးလည်း ကောင်းမွန်ပါတယ်။ သန့်ရှင်းလတ်ဆတ်မှုရှိတဲ့အတွက် ဈေးကွက်မှာ ရောင်းအားကောင်းမွန်နေပါတယ်”ဟု ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြ သည်။

ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂)လခွဲခန့်အကြာတွင် ရောင်းတန်းဝင် ပန်းမုံလာထုပ်များကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရကြောင်းနှင့် ပွင့်ဖြူမြို့နယ်ဒေသထွက် ပန်းမုံလာ များသည် စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်အတွက် အော်ဂဲနစ် စိုက်ပျိုးရေး နည်းစနစ်ဖြင့် စိုက်ပျိုးကြသဖြင့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေး ကောင်းမွန်၍ ဈေးကွက်အတွင်း၌ ရောင်းအားမွန်လျက်ရှိကာ အခြားသော မင်းဘူး၊ မကွေးမြို့များကိုလည်း တင်ပို့ရောင်းချနေရကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )