မြဝတီမြို့၌ ပြည်လုံးချမ်းသာဓမ္မာရုံတော် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

မြဝတီ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မှုသော ဓိဌာန်အောင်စေတီတော်ပရဝုဏ်အတွင်း အသစ်တစ်ဖန် ပြန်လည်ဆောက်လုပ်မည့် ပြည်လုံးချမ်းသာဓမ္မာရုံတော် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၌ ကျင်းပခဲ့သည်။

ဦးစွာကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက  နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို  ဖွင့်လှစ်ပေးပြီး ဇောတိရတနာ ပရိယတ္တိစာသင်တိုက် ပဓာနဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိပါလထံမှ  မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်ကိုးဦးတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းနှင့် ပရိတ်ရေ၊ ပရိတ်ပန်း၊ ပန္နက်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ဦးဆောင်၍ ပြည်လုံးချမ်းသာဓမ္မာရုံတော် မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ မွန်ပရိယတ္တိစာသင်တိုက်ပဓာနဆရာတော် ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)