ကျိုက်လတ်မြို့နယ် အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်

ကျိုက်လတ် ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံတော်၏ အရေးကြီးသည့် လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန် ရည်ရွယ်၍ အခြေခံပညာကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက ကျန်းမာရေးနှင့်ညီညွှတ်သည့် အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများ အစာမစားမီ လက်ကိုစနစ်တကျဆေးကြောခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာ စားသုံးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို (၂၀၂၅)ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိဘဆရာအသင်းများကပူးပေါင်း၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစေရေး ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်