တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်၍ ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း၌ သင်တန်းသား/သူများနေထိုင်သည့် အဆောင်များ၊ နေရာထိုင်ခင်း၊ သူနာပြုသင်တန်းသား/သူများ ကျွေးမွေးနေသည့် စားသောက်ဖွယ်ရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်စားပြင်ရပ်၊ ကမ်းနားလမ်းတစ်လျှောက်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးအထိ လမ်းချဲ့ခြင်းလုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့် အောင်တံခွန်ငါးဈေးအကြား ၂ လမ်းသွား ချဲ့ခြင်းနှင့် ၄ လမ်းလမ်းသွား ချဲ့ခြင်းလုပ်ငန်းများ၊ ဘုမ္မော်ချောင်းကူးတံတား(၈၀ ပေ သံကူကွန်ကရစ် တံတား ၁ စင်း) တည်ဆောက်နေမှုအခြေအနေ၊ ဆိပ်ကမ်းသာပန်းခြံရှေ့ မြေယာရှုခင်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကြက်စားပြင်ဘုန်းကြီးကျောင်းနှင့် အောင်တံခွန်ငါးဈေးကြားလမ်း လယ်ကျွန်းဆောင်ရွက်မည့်နေရာ၊ ကမ်းနားလမ်းအပိုင်း(မြစ်ဘက်ခြမ်း)တွင် အုတ်တံတိုင်းနှင့် လက်ရန်းပြုလုပ်မည့်နေရာ၊ ကမ်းနားလမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ထပ်မံဆောင်ရွက်မည့် ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်တွင် လင်းပိုင်ရုပ်ထုဆောင်ရွက်မည့်နေရာ၊ မြောင်းပုလဲချောင်းကူးတံတား၊ ကမ်းနားလမ်းတံတားနှင့် ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအခြေအနေ၊ ထားဝယ်-ကမြောကင်း- မောင်းမကန်လမ်း ကျောက်စီရေမြောင်း တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ရက်အတွင်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ပြီးစီးအောင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)