ပွင့်ဖြူ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သဘာဝစိုက်ပျိုးရေးသွင်းအားစုများ ထုတ်လုပ်သုံးစွဲရေး တောင်သူအသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာအုပ်စု၊ သာဂရကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က ဒေသတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးခြင်း၊ စိုက်ပျိုးရေးအတွက်လိုအပ်သော သွင်းအားစုပစ္စည်းများ တောင်သူများ အဆင်ပြေစွာဝယ်ယူရရှိရေး ကူညီပေးခြင်း၊ အတိုးနှုန်းသက်သာသော ချေးငွေများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး ပညာပေးခြင်း၊ စားသုံးသူ ဘေးကင်းလုံခြုံသောသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာမျှဝေခြင်း၊ လိုအပ်ချက်အရ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း စသည့် တောင်သူအကျိုးဆောင်အသင်း၏ ရည်မှန်းချက်လုပ်ငန်းစဉ် (၇)ရပ်ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်တောင်သူအကျိုးဆောင်အသင်းကော်မတီအဖွဲ့ဝင်များက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် သီးနှံများစိုက်ပျိုးရာသီတွင် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ သဘာဝမြေဩဇာနှင့် သဘာဝဆေးများထုတ်လုပ်အသုံးပြုပုံနည်းလမ်းများ၊ သီးနှံအလိုက် ပိုးမွှားရောဂါမကျရောက်စေရေး ကာကွယ်နှိမ်နင်းရမည့် နည်းစနစ်များနှင့် သီးနှံအထွက်နှုန်းတိုးတက်ရေး စိမ်းလန်းစိုပြည်ရွက်ဖျန်းအားဆေးတောင်သူများ စုပေါင်းဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ အဆိုပါ တောင်သူပညာပေး ဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် သာဂရကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူ (၁၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)