ပြည်မြို့ရှိ စည်ပင်သာယာဈေးများ၌ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ပြည် ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ စည်ပင်သာယာမြို့မဈေးကြီး၊ အောင်မင်္ဂလာဈေး၊ ကိုးသောင်းဈေးနှင့် ခေတ္တရာမြို့သစ်ဈေးတို့၌ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုများမဖြစ်ပေါ်ရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာန ဝန်ထမ်းများက အဆိုပါဈေးများရှိ လျှပ်စစ်မီး မိန်းပလပ်ခုံများ၊ မီးကြိုးများ အရည်အသွေး ကောင်းမွန်မှုရှိ/မရှိနှင့် စနစ်တကျသွယ်တန်းထားမှု ရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးပြီး ပြုပြင်ရန်လိုအပ်သည်များကို ဆောင်ရွက်ပေးကာ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်စည်ပင် အမှုဆောင်အရာရှိတို့က လျှပ်စစ်မီးအန္တရာယ်မဖြစ်ပေါ်ရေး ဂရုပြုလိုက်နာဆောင်ရွက်ရမည့်အကြောင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဈေးသူ၊ ဈေးသားများအား အသိပညာပေး ဆွေးနွေးပြောကြားပြီး သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ပိုက်များဖြင့် မီးငြှိမ်းသတ်မှုကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)