ကန့်ဘလူမြို့နယ်၌ ဆရာ၊ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

ကန့်ဘလူ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အဖက်တန်းပြ ဆရာ ဆရာမအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကန့်ဘလူခရိုင် ဥပဒေအရာရှိ ဦးထက်ဝေလင်းက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည် သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား ဥပဒေနှင့်ပတ်သက်ပြီး သိရှိနားလည်သဘောပေါက်စေရန်၊ ဥပဒေသဘောသဘာဝတွေ နားလည်စေရန် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးသန်းထိုက်က ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ၂ ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း ၃၃၆ ဦးခန့် တက်ရောက်ပြီး သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ကလေးသူငယ်ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေတို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)