ပေါင်းတည် ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် Biometric Data ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက မင်းကွက်(၂)ရပ်ကွက်နှင့် ဘွဲ့ပင်ကန်ရပ်ကွက်များတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်း၏ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးများနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ မြေပြင်အရောက် ကွင်းဆင်း၍ လူကျန်စာရင်းမရှိရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အသက် ၁၀ နှစ်ပြည့်ပြီးသူနှင့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် Biometric ဇီဝဆိုင်ရာ အချက်အလက်များကို ကောက်ယူခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုတွင် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက ရပ်ရွာပြည်သူအားလုံး နိုင်ငံသားကတ်ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)