စလင်း ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား (Big Catch-ap) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ ကျန်းမာရေးဦးစီးဌာန/ ဌာနခွဲတို့တွင် ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တင့်ဆွေနှင့် ကျန်းမာရေးမှူးများ၊ ကျန်းမရေးဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့များက ပူးပေါင်းပါဝင်ကူညီခဲ့ကြပြီး၊ အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအနက် ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် ကလေးငယ်များကို ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပြီးသည့် ကလေးငယ်များအား ခေတ္တနားနေစေပြီး ကျန်းမာရေးဆရာမများက ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အနေဖြင့် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်နှင့်လက်မောင်းလုံးလုံးပတ်တိုင်းတာခြင်းများ ဆောင်ရွက်ရခြင်းမှာ ကလေးများ၏ ကျန်းမာရေးနှင့် အသက်အရွယ်ဖွံ့ဖြိုးမှု သိရှိစေရန်နှင့် ကာကွယ်ဆေးများအား ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကျန်းမရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း