ကျွန်းစု ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ အထကတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံပြည်သူများအား ဇန်နဝါရီ(၂၄)ရက်က တွေ့ဆုံခဲ့ပြီး ကျေးလက်လမ်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ရှေးဦးစွာ စာသင်ကျောင်းရုံးခန်းတွင် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေသဖွံ့ဖြိုးရေးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် လူမှုပတ်ဝန်းကျင် ပေါ်ပေါက်လာရေးကို ရပ်မိရပ်ဖများ၊ ဒေသခံများမှ ဝိုင်းဝန်းကြိုးပမ်းပေးကြရန်နှင့် ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေး နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာဝန်ရှိသူများက ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးလိုအပ်ချက်များကို တင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပံ့ပိုးငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျေးလက်နေ ပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စခန်းသစ်-ဝါးအော် ကျေးရွာချင်းဆက် (၁/၄)မိုင်ကို ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေ(၂၀၈.၀၆၅)သန်းဖြင့် (၁၄)ပေအကျယ် (၆)လက်မထု ကျောက်ချောလမ်းဆောင်ရွက်ထား ရှိမှုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။ ယင်းနောက် ဝါးအော်ကျေးရွာမူလတန်း လွန်ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/မများအား တွေ့ဆုံ၍ ကျောင်းအတွက်လိုအပ်သည် များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် စခန်းသစ်-ပင်ပွားအော်-သဲအော်လမ်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်း ဆောင်ရွက် ထားရှိမှုအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါလမ်းအရှည် မိုင်တိုင် အမှတ် (၁/၁)မိုင်မှ(၁/၇)မိုင် ကြား (၀/၆)မိုင်အား မြေသားပြုပြင်၍ (၁၂)ပေအကျယ် (၆)လက်မထု ဖြင့်ကွန်ကရစ်လမ်းခင်းခြင်းကို ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ရန်ပုံငွေ (၃၈၄.၁၂၀)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် ဆောင်ရွက်ခဲ့သော ကျေးရွာချင်းဆက် စခန်းသစ်-ပင်ပွားအော်- သဲအော်လမ်း ကွန်ကရစ်လမ်းနှင့် စခန်းသစ်-ဝါးအော် ကျောက်ချောလမ်းတို့သည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )