မြိတ် ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့က အ.ထ.က(ခွဲ) အ.လ.က(၁)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေး အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကျောင်းတွင်းအာဟာရ ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ ကလေးငယ်များအား တာဝန်ရှိသူများက ရှင်းလင်းအသိပညာပေးပြီး ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်နွဲ့၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာနှင့် တာဝန်ရှိသူများက KG ကျောင်းသား/သူ ကလေးငယ်များအား နေ့လယ်စာ ကျွေးမွေးခဲ့ကြသည်။
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် မြိတ်မြို့နယ်အတွင်းရှိ အခြေခံကျောင်းပေါင်း (၁၄၄) ကျောင်းတွင် ဇန်နဝါရီလ (၂၂) ရက်မှ (၂၄) ရက်အထိ KG ကျောင်းသား/သူ စုစုပေါင်း (၅၅၉၄) ဦးကို ပထမအကြိမ် ချက်ပြုတ်ပြင်ဆင် အသိပညာပေး ကျွေးမွေးခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုသို့ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ဇန်နဝါရီလတွင် (၂) ကြိမ်နှင့် ဖေဖော်ဝါရီလတွင် (၁) ကြိမ်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )