အ-မ-က ရ‌သေ့ကုန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပိုင်ကျုံ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စုရှိ အ-မ-က ရသေ့ကုန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးရရှိသည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား/သူများကကျောင်း မြတ်ဆရာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အ.ထ.က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက မိဘ၊ ဆရာပူးပေါင်း ကလေးပညာကောင်း၊ ကလေးများ ပညာရေးဆုံးခန်းတိုင်အောင်ဆောင်ရွက်ရေး သိကောင်းစရာများကိုလည်းကောင်း၊ အငြိမ်းစားကျောင်းဆရာ ဦးစောမြတ်စိန်မှ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခန်း ကဏ္ဍတွင်ပါဝင်သည့်အကြောင်း၊ ပညာမြင့်မှလူမျိုးတင့်မည်များစသည်များကို အသီးသီး အမှာစကားပြောကြားပြီး‌နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ဆရာ/မများကို ဂုဏ်ပြု အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်  အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ကျောင်းသား လူငယ်များက တေးသီချင်း သရုပ်ဖော်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)