ကြံခင်းမြို့တွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကြံခင်း ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နိုင်ငံတစ်ဝန်းလုံး၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စုရပ်သတ်မှတ်ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် မြို့နယ်အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်က Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဘက်စုံသားဖွားဆရာမ ဒေါ်ခင်ချိုအေးက ကာကွယ်ဆေးထိုးပြီးနောက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးပြောကြားပြီးနောက် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးနိုင်ရန် အကြိမ်ပြည့်မထိုးနှံရသေးသူ ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များ သတ်မှတ်စာရင်းများ စနစ်တကျဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးရာ  အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ် (၇၈)ဦးအား  (၅)မျိုးစပ်ကာကွယ်ဆေး  (Penta)  (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပိုလီယို(IPV)၊ ရုတ်တရက်ပျော့ခွေအကြောသေ(OPV) ကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးကြောင်းနှင့် အဆိုပါနည်းလမ်းဖြင့် ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းကို သက်ဆိုင်ရာကျေးရွာအုပ်စု ကျန်းမာရေးဌာနစုရပ်များတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)